နောင်ချို စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမြင့်ဌေးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာ နိုင်ငံပညာရေးဌာနမှ စာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်နေမှုများအကြောင်း၊ စာတတ်မြောက်ရေးနေ့၏ ရည်ရွယ်ချက်၊ “အ”သုံးလုံး၏ အဓိပ္ပာယ်များကို ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)