ရမ်းဗြဲ စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ သပြုချိုင် အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ရမ်းဗြဲမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကောင်းမြတ်ကျော် (သွားနှင့်ခံတွင်း)ဆရာဝန် ဦးဆောင်ပြီး အထက်တန်းသူနာပြု ဒေါ်ခင်ထွေးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အာဟာရဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ လိုက်ပါဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှေ့ဦးစွာ ဒေါက်တာ ကောင်းမြတ်ကျော်မှ ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် သွားနှင့်ခံတွင်းကို ရောဂါဖြစ်ပွားမရှိစေရန်အတွက် ဆောင်ရန် ရှောင်ရန်အချက်များ၊ တစ်နေ့လျှင် သွားကို အနည်းဆုံးနှစ်ကြိမ် တိုက်ပေးရန်လိုအပ်ကြောင်းများနှင့် သွေးလွန်တုတ်ကွေးရောဂါကဲ့သို့ ကူးစက်ရောဂါမှန်သမျှကိုလည်း ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြောပေးသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ KG တန်းကလေးငယ်များအား ဖွံ့ဖြိုးကြီးထွားမှု စစ်ဆေးခြင်းများနှင့်အတူ ကလေးငယ်တွင်များဖြစ်ပွားတတ်သော သွားပိုးစားခြင်း၊ သွားပိုးဖေါက်ခြင်းတို့ကို ကုသဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)