တံတားဦး၊ စက်တင်ဘာ ၁၄
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များသည် ယနေ့နံနက် (၁၀) နာရီက မြို့ဝင်၊ မြို့ထွက် စစ်ဆေးဂိတ်များတွင် အလှည့်ကျတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းအား တာဝန်ထမ်းဆောင်ခြင်း ရှိ ၊ မရှိ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုနှုန်း မြန်ဆန်နေသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကူးစက်မှု မရှိရေးအတွက် ခရီးသွားပြည်သူများ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီးမှ သွားလာရေး၊ မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် မှတ်တမ်းရေးသွင်းစေခြင်း၊ ဂိတ်၌ တာဝန်ရှိသူများမှ လိုအပ်လျှင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးခြင်း စသည့်အချက်များဖြင့် စစ်ဆေးရေးဂိတ်များထားရှိခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် မြို့ဝင်၊ မြို့ထွက်ဂိတ်များအား ပိုးသတ်ဆေးဖျန်းပေးခြင်း Home Quarantine ဆောင်ရွက်ထားရှိသောသူများအား အိမ်တိုင်ရာရောက်ကွင်းဆင်ပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီနေထိုင်ရေး ညွှန်ကြားချက်များ စနစ်တကျလိုက်နာဆောင်ရွက်ရေးတို့ကိုမှာကြားပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)