ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်နှင့်ပရဟိတ(လူမှုရေးလမ်းညွှန် ဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊စာပေဉယျာဉ်အသင်း (Book Club) နာယက ရန်နောင်(ပညာရေး)နှင့် ဒုတိယ ဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မူခင်း)တို့က အမှာစကားအသီးသီးပြောခဲ့သည်။
မောင်မင်းစိုး ရေးသားထားသည့် လူငယ်နှင့်ပရဟိတ (လူမှုရေးလမ်းညွှန် ဆောင်းပါးများ) စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် ဒေါက်တာ ဗိုလ်သံမဏီ(တောင်တွင်းကြီး)၊ မောင်ပန်းဝေ(ညောင်တုန်း)နှင့် ရွှေဘုတ်(အင်းစိန်)တို့က အသီးသီး ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့သည်များအပေါ် စာရေးဆရာများဖြစ်သော ဝင်းနွယ်(ပုသိမ်)၊ သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)နှင့် ရွှေမန်း(အင်းစိန်)တို့က အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြရာ အင်းစိန်မြို့နယ်၊ စာပေဉယျာဉ်အသင်း (Book Club)နာယက ဦးသက်တင်က နိဂုံးချုပ် စကားပြောကြားခဲ့သည်။ စာဖတ်ဝိုင်းသို့ စာပေဉယျာဉ်အသင်း (Book Club)မှ တာဝန်ရှိသူများ၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)အတွင်းရှိ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)