မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ဟောပြောပွဲကျင်းပ

မိုင်းလုံ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် စက်တင်ဘာလ(၁၃)ရက်နေ့၌ ကျရောက်မည့်မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က  လူကုန်ကူးမှုပပျောက်စေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပြီး ယခု‌ဟောပြောမည့်အကြောင်းများကို ရေးမှတ်ထားကြရန် ပြောကြားပြီး ဒေါ်နန်းရွှေမြထွေး ဒု-အလယ်တန်းပြဆရာမက လူကုန်ကူးမှုဆိုသည်မှာ လူကုန်ကူးမှုမခံရအောင်၊ လူကုန်ကူးမှုခံရခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများကို အကျယ့်တဝင့်ဆွေးနွေး၍ ဒေါ်နန်းချောမေ အထက်ပြဆရာမက လူကုန်ကူးမှုဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှု ကိစ္စရပ်များကို သိရှိပါက သက်ဆိုင်ရာများသို့ သတင်းပေးပို့နိုင်​ကြောင်းစသည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လူကုန်ကူးမှုနှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို စက်တင်ဘာလ(၁၀)ရက်နေ့တွင် ဆောင်ရွက်ပေးမည့်အကြောင်းကို ကျောင်းအုပ်ဆရာမကြီး ထံက သိရသည်။  

ဇော်ဇော်(ပြန်/ဆက်)