လယ်ဝေးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

လယ်ဝေး       စက်တင်ဘာ             ၁၄

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဝင်းက အမှာစကားပြောကြားရာတွင် စံ(၅)ရပ်ဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်ရမည် စသည့်လုပ်ငန်းစဉ်များအတိုင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပမည်ဖြစ်ကြောင်းနှင့် ဖြစ်ပေါ်လာမည့် အငြင်းပွားမှုများအား ကော်မတီနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်ဦးမြင့်စိုးက စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)