ပေါင်မြို့နယ် အ.ထ.က ကျွဲခြံကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပေါင်  စက်တင်ဘာ  ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.က ကျွဲခြံကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လမင်းတစ်ရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါကြောင်း၊ အရင်ကြိုးစားထားသောသူများလို့ နောက်တက်လာမည့် Grade-11 ကျောင်းသား၊ ကျောင်းသူများကလည်း ဒီထက်မက ပိုတော်လာအောင် ကြိုးစားဖို့လိုအပ်ပါကြောင်း ကျောင်းကထုတ်ပြန်ထားသော စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

တစ်ဆက်တည်းမှာပင် အ.ထ.က ကျွဲခြံကျောင်းအုပ်ကြီး ဒေါ်မြမြမိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ကုန်သည့်အထိ ဖတ်၊ မှတ်၊ ကျက် ကြရန်လိုအပ်ပါကြောင်း၊ စည်းကမ်းလိုက်နာသော ကျောင်းသား၊ ကျောင်းသူများဖြစ်ပါက မိမိတို့ရည်မှန်းချက်ပြည့်ဝသွားမည်ဖြစ်ပါကြောင်း စားကြိုးစားရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက်  Grade-1 မှ တက္ကသိုလ်ဝင်တန်းအထိ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး သားငယ်သမီးငယ်များက တေးသီးချင်း အကများဖြင့်ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)