ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချမှု မရှိစေရေး ရှောင်တခင်စစ်ဆေး

ရန်ကုန် စက်တင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း (၁၅)ဦးအထိ ရှိလာခဲ့ရာ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ  ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ရည်ရွယ်၍ မြို့တွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ဖွင့်လှစ် ရောင်းချ ခြင်း  မပြုလုပ်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်မှုရှိ/မရှိ ယနေ့ နံနက် ၉ နာရီက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင်  လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်၊ လက်ထောက်အုပ်ချုပ် ရေးမှူး ဦးခင်ဇော်အောင်၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးသော်ဇင်အောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၃) ဒေါ်ခိုင်ခိုင်မိုး၊ ဒလမြို့မ ရဲစခန်း ဒုရဲအုပ် တင်မျိုးမင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆိုင်ထိုင်ရောင်းချခြင်း မပြုလုပ်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ သွားရန် အသိပေးပြောကြားခဲ့ကြသည်။
ဒလမြို့နယ်အတွင်း စက်တင်ဘာလ ၅  ရက်နေ့က စတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ် ရောင်းချခြင်းလုံးဝမပြုလုပ်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် အသိပေးပြောကြား ထားခဲ့ပြီး လိုက်နာခြင်း မရှိသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို စစ်ဆေးတွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့အတူ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ နေ့စဉ် ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄)နာရီအထိ ညမထွက်ရ အမိန့်ကို ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)