ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်ဘဝတန်ဖိုး စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရန်ကင်း    စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ  လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင်ကြိုးပမ်းရေးအတွက် လူငယ်များစာပေလေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းတည့် ၁၂:၀၀ နာရီက  ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့် ဘဝတန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင် က လူငယ်နှင့်ဘဝတန်ဖိုးစာအုပ်ဖြင့်  စာဖတ်ဝိုင်းတွင် လူငယ့်တန်ဘိုးဟုဆိုနိုင်သော အချက်များစွာရှိကြောင်း၊ လူငယ်များ၏ ရိုးသားမှု၊ တက်ကြွမှု၊ အမှန်တရားကို မြတ်နိုးမှု၊ အနစ်နာခံမှုတို့ကို ဆက်လက်ပြုစု ပျိုးထောင်ရမည်ဖြစ်ကြောင်းနှင့် အနာဂတ်လောကကြီးကို ဖန်တီးနိုင်စွမ်းမှာလူငယ်များ လက်ထဲတွင်ရှိသောကြောင့် လူငယ်များ တန်ဖိုးမဲ့ဘဝတုံးခြင်း၊ ဘဝဆုံးခြင်းများ မဖြစ်ပေါ်အောင် ဂရုစိုက်ဖို့လိုအပ်မည်ဖြစ်ရာ  နောင်ဝယ် လူကြီးဖြစ်လာမည့် အနာဂတ်လူငယ်လေးများ စာပေကို ဂုဏ်ယူစွာ ဖတ်ရှုလေ့လာ စေလိုကြောင်းဖြင့် လူငယ်နှင့် ဘဝတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး  ဆရာမောင်ယဉ်ဝေက  အနာဂတ်နိုင်ငံတော်ဖွံဖြိုးတိုးတက်ရန်အတွက်    လူငယ်များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက် သည့်အခါတွင် အစီအစဉ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် များစွာလိုအပ်ပါကြောင်း၊ သို့မှသာ မိမိလုပ်ကိုင်သည့် လုပ်ငန်းများတွင် အောင်မြင်မှုများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း  အသိပညာပေး ပြောကြားခဲ့ပြီး လူငယ်လူရွယ်များ၏ အနာဂတ်သည် နိုင်ငံဖွံဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်ကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာ မောင်ယဉ်ဝေ က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)