ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ပုဇွန်တောင် စက်တင်ဘာ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပုဇွန်တောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မီးရထား စက်ခေါင်းစက်ရုံနှင့် ပြည်တော်သစ်အိမ်ယာတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအား စားသောက်စရိတ်သက်သာစေရန်အတွက် ဆန် ၁ ပြည်လျှင် ငွေကျပ် ၁၅၈၅ နှုန်း၊ ဆီတစ်ပိသာလျှင် ငွေကျပ် ၅၃၀၀ နှုန်းနှင့် ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၁၇၅ နှုန်းဖြင့် စျေးနှုန်း သက်သာစွာရောင်းချပေးခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝမ်းမြောက်စွာဖြင့် လာရောက်ဝယ်ယူ ခဲ့ကြသည်။

ပြည်သူလူထုအား စျေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုကို ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ပြီး အမှတ်(၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၈၀)အား ဆန်(၅)အိတ်၊ စားဆီ (၁၁၀) ပိသာနှင့် ကြက်ဥ(၁၀၀၀)လုံးတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် မြို့နယ် အတွင်းရှိ (၁၀)ရပ်ကွက်အား အလှည့်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်