လွိုင်လင်ခရိုင်ရုံး (Community Centre) ခန်းမ၌ ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

လွိုင်လင် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) လူထုအခြေပြုဗဟိုဌာနခန်းမ၌  ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆွေးနွေးပွဲဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက ပြည်သူများအသိပညာဗဟုသုတရရှိရန် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမြတ်ခန့်အေးမှ ပလပ်စတစ်သုံးစွဲခြင်း ကြောင့်ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ပလပ်စတစ်ညစ်ညမ်းမှု၏ဆိုးကျိုးများနှင့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး ဖြေရှင်းရမည့်နည်းလမ်းများ၊ ပလပ်စတစ်မှပေးသောအန္တရာယ်များ၊ ပလပ်စတစ်၏  ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သောရောဂါများ၊ ပလပ်စတစ်စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ကြရေးစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲသို့ လွိုင်လင်မြို့နယ် မြို့မဈေးတွင် ဈေးရောင်းချနေသူ ဈေးသယ် (၂၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲတက်ရောက်လာသူများက သိရှိလိုသည်များကိုပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။

(လွိုင်လင် ပြန်/ဆက်)