ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက် ကုမုဒြာပန်းခြံရှေ့တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သလို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြု ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင်လည်း ဆန်တစ်ပြည်လျှင် ငွေကျပ်(၁၅၈၅)နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီတစ်ပိဿာလျှင် ငွေကျပ်(၅၃ဝဝ)နှုန်းဖြင့် ဆီပိဿာ(၁ဝဝ)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၇၅)ဖြင့် ကြက်ဥအလုံး (၁ဝဝဝ)ကိုလည်းကောင်း ရောင်းချပေးခဲ့ပြီး ရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)