သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Face Shield နှင့် PPE ဝတ်စုံများလှူဒါန်း

သာစည် စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်   လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ကျင်းလုံမြန်မာ Machinery Trading Co., Ltd. မှစုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၅ သိန်းကျပ်ခန့်ရှိ Face Shield ၂၀၀ ခုနှင့် PPE ဝတ်စုံ အစုံ ၃၀၀  ကို  ယနေ့ နံနက်ပိုင်းက    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

လှူဒါန်းပေးအပ်ရာတွင် ကျင်းလုံမြန်မာ Machinery Trading Co., Ltd. ကိုယ်စား   သာစည်မြို့အမှတ်(၃)ရပ်ကွက်နေဦးမြင့်ဆွေ (ပွိုင့်စက်ပစ္စည်းရောင်းဝယ်ရေး)မှ လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များကဧည့်ခန်းမဆောင်၌ လက်ခံခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပစ္စည်းများကို မြို့ဝင်မြို့ထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်နေရာများ၊ Quarantine နေရာများစသည်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်း(ပြန်/ဆက်)