အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မသန်စွမ်းသူများအကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်နှင့် စာရေးဆရာဝင်းနွယ်(ပုသိမ်)တို့က မသန်စွမ်းအမျိုးအစားများအကြောင်း၊ မသန်စွမ်းများကို အသက်အရွယ်အလိုက်ပြုစုရမည့် နည်းလမ်းများ၊ အထွေထွေဖွံ့ဖြိုးမှုအားနည်းခြင်းကို ကုစားရမည့်နည်းလမ်းများ၊ မသန်စွမ်းများ၏ ဖွံ့ဖြိုးလာနိုင်မည့်နည်းလမ်းများ၊ မသန်စွမ်းနှင့်မိသားစုကြား ရင်ဆိုင်နေရသည့် အခြေအနေများ၊ မသန်စွမ်းများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် မသန်စွမ်းသူများဆိုင်ရာ အကြောင်း သိကောင်းစရာများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများစွာ ရရှိစေရန်အတွက် ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)