နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု လက်ဆေးဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ပေးအပ်

နမ္မတူ စက်တင်ဘာ ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု လက်ဆေးဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊   လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း၊ နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာဝန်ရှိသူများက လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် ကြူဆော့ (IDP)စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂၂)စု၊ တိုက်ပွဲရှောင်ပြည်သူ (၅၅၅)ဦးတို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ် (၃၀)အိတ်နှင့် လက်ဆေးဆပ်ပြာခဲ (၄)ဖြတ်ပါ (၅၅၅)ခဲအား  တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

လူမော် (ပြန်/ဆက်)