ဘူးသီးတောင်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "တစ်လုံးထိုးအင်ဂျင် (ဒီဇယ်၊ဓာတ်ဆီ) ပြုပြင်ခြင်း'' သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဘူးသီးတောင် စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပို့ချသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု"တစ်လုံးထိုးအင်ဂျင်(ဒီဇယ်၊ဓာတ်ဆီ)ပြုပြင်ခြင်း''သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်မှ အဖွင့်အမှာစကား ပြောကြားပြီးသင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရေးစသည့်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြု လက်တွေ့အသုံးချတတ်စေရန် သင်ကြားပို့ချသည့် ဆရာများ၏သင်ကြားမှုကို တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ သင်တန်းချိန်အတွင်း အချိန်တိကျပြီ ဇွဲ၊လုံ့လ၊ဝီရိယဖြင့် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဘူးသီးတောင်မြို့နယ် အုတ်တောင်၊ မြှောချောင်း၊ ကျောက်စာတိုင်၊ မြို့မစေတီတောင်၊ဂန္ဓာမာ၊ငကျဉ်တောက်ကျေးရွာ(၆)ရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၇)ရက်နေ့မှ (၂၇)ရက်နေ့ထိ စာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းလှိုင်မှ သိရသည်။

လှကျော် (ပြန်/ဆက်)