ကျောက်ဆည် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက် စနစ်ဖြင့် ဆန်စပါးကို အဓိထားစိုက်ပျိုးကြသော်လည်း ယာမြေများနှင့်ကိုင်းကျွန်းမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့ စိုက်ပျိုးကြပြီး စပါယ်တောကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်း စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နနွင်းသီးနှံများကို လက်ပံပင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ ကျေးရွာအုပ်စုများတွင်(၇)ဧက၊ဇရပ်ဖြူ-ညောင်ရွေ-သင်ပုတ်-ဇရပ်ဖြူ-ငါးအိုး-အနောက်ရွာနန်း-လက်ပန်-ညောင်ဝန်း-ကြောင်ပန်းကုန်း ကျေးရွာအုပ်စု များတွင်(၂)ဧက၊ သင်္ဂတုံ-အရှေ့သာဂရ-ကလေး-မှိုင်းပန်-ပြည်တော်သာ-ရှမ်းတောင်ဦး-ပုထိုးနီကုလား ကျောင်း ကျေးရွာအုပ်စု များတွင်(၁၁၁)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တော်တွင်-မြေစိုပါယ် ကျေးရွာအုပ်စု များတွင်(၇၉)ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်း-ကျေးရွာအုပ်စုများတွင်(၁၁၅)ဧက၊ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာ အုပ်စုများတွင်(၇၀၇)ဧက စုစုပေါင်း(၁၀၂၁)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေ ဘောင်များ ပြုလုပ်ကာစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်း အတက် မျိုးစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧကကုန်ချိန် (၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ နနွင်းအတက်မျိုးစိုက်ပျိုးပက ကုန်ချိန်(၆၀၀)ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ မြေအစိုဓာတ်ရရှိစေရန် ရေသွင်းပေးရကြောင်းနှင့် နနွင်းသီးနှံသည် စိုက်ပျိုးပြီး(၄) လခန့်တွင် နနွင်းအပွင့်များစတင်ပွင့်ပြီး ဈေးကွက်တွင်ရောင်းချပါက နနွင်းတစ်ဧကတွင် ငွေကျပ်(၇) သောင်းခန့်ရကြောင်း၊ (၈)လကျော်တွင် နနွင်းများတူးဖော်ရကြောင်း၊ တူးဖော်ရာ၌တစ်ဧကတွင် နနွင်းအတက်အစို အချိန်(၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာထွက်ရှိပြီး နနွင်းအခြောက် ကုန်ချိန် (၈၀၀)ပိဿာမှ (၁၀၀၀)ပိဿာ ခန့်ရရှိကြေင်း နနွင်းစိုက်တောင်သူများထံမှ သိရသည်။
သက်မောင်