မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြင်းခြံ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်  ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥတို့ကို ဆန်တစ်ပြည်လျှင် (၁၆၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၁၈၀) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ကြသည်။

 “ယခုလို ကျွန်မတို့ရွာရောက် ဈေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေးတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ် ဆန်၊ ဆီ၊ ကြက်ဥတို့ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးတယ်။ ဆီဆိုလျှင် ပြင်ပရောင်းဈေးနှင့် တစ်ဝက်ခန့် လျှော့ပြီးရောင်းချပေးတဲ့အတွက် ကျွန်မတို့ အခြေခံ လူတန်းစားတွေအတွက် အရမ်းအဆင်ပြေပါတယ်” ဟု ခေါင်းကွဲ ကျေးရွာနေ ပြည်သူ တစ်ဦးက ပြောသည်။

အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် (၁) ပြည်၊ ဆီ (၁) ပိဿ၊ ကြက်ဥ (၁၀) လုံးတို့ကို ရောင်းချပေးခဲ့ပြီး ယခုလို အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချခြင်းကို တစ်ပတ်လျှင်တစ်ကြိမ် ကျေးရွာများအရောက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)