ကျောက်ဆည် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာနတွင် လူကုန်းကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူကုန်ကူးသည့် နည်းလမ်းများဖြစ်သည့် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်ညာပြောဆိုခြင်း၊ အာဏာအသုံးပြုခြင်းနှင့် ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေများကို အလွဲသုံးစားပြုပြီး တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန် မြန်မာအမျိုးသမီးများအား ရောင်းစားခြင်း၊ တရုပ်နိုင်ငံသို့ ကလေးသူငယ်များအား မွေးစားရန်ရောင်းစားခြင်း၊ ထိုင်းငါးဖမ်းလှေများတွင် အဓမ္မစေခိုင်းခြင်း၊ ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အဓ္ဓမစေခိုင်းခြင်းနှင့်ခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်စာပြုခြင်း၊ အိမ်ဖော်အဖြစ် အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ်များအားလိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က လူကုန်ကူးမှုမခံရစေရေး လူပွဲစားများအပါအဝင် မည်သူ့ကိုမျှ အလွယ်တကူ မယုံရေး၊ ဖြတ်လမ်းနည်းများဖြင့် ငွေရလွယ်သည့်နည်းများကို မသုံးရေး၊ မိမိမကျွမ်းကျင်သည့် ဒေသများသို့သွားရန် ချက်ချင်းမဆုံးဖြတ်ရေး၊ စိတ်ချရသည့် အလုပ်အကိုင်ရှာဖွေသူနှင့် ဆက်သွယ်ဆောင်ရွက်ကြရေး၊ မိမိ၏ ရင်သွေးငယ်များကို အခြားသူများထံ စိတ်ချယုံကြည်ပြီး မအပ်ခဲ့ကြရန်၊ အခြားနိုင်ငံတစ်ခု၌ တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ၎င်းနိုင်ငံ၏ဥပဒေအရ အရေးယူခံရနိုင်သည်ကို သိရှိထားရန်၊ အခြားနိုင်ငံတွင် ဒုက္ခရောက်ပါက ကူညီမည့်သူကိုရှာဖွေ၍ မရနိုင်ကြေင်း၊ ပြည်ပတွင်သွားရောက်အလုပ် လုပ်ကိုင်မည်ဆိုပါက တရားဝင်အလုပ်အကိုင် ရှာဖွေရေးအဖွဲ့များဖြင့်သာ ဆက်သွယ်ဆောင်ရွက်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)