သံဖြူဇရပ် စက်တင်ဘာ ၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ကျောင်းပိုင်းရပ်ကွက် ခရစ်ဃာန်ဘုရားရှစ်ခိုးကျောင်းတို့၌ကွင်းဆင်း၍ ဒေသနေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရပ်ကွက်နေ ပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ လမ်းများကောင်းမွန်စေရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)