မလှိုင် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သုံးထောင်ရွာမကျေးရွာ၊ ဒေသခံပြည်သူ (၅၀၀) ဦးတို့နှင့် အဆိုပါ ကျေးရွာရှိ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့မွန်လွဲ (၁) နာရီအချိန်က စစ်ကြောင်းကြီး (၅) ကြောင်းအသွင်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုနှင့် မဖြစ်မနေ ထိတွေ့ဆောင်ရွက ်ပေးရမည့် ဌာနဆိုင်ရာ (၁၃) ခုမှ အကြီးအကဲများကိုယ်တိုင် လိုက်ပါလာကြောင်း၊ ပြည်သူလူထု အနေဖြင့် မိမိတို့အမှန်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း များကိုပွင့်လင်းမြင်သာ စွာဖြင့် တင်ပြဆွေးနွေးပေးနိုင်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ မကျန်ရှိစေရေးအပြင် ပျောက်ဆုံး၊ ပျက်ဆီး နေသူများ အား ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ထပ်ဆောင်းကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ရာ မိဘပြည်သူအပေါင်းမှ မပျက်မကွက် ထိုးနှံပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ အားရှင်းလင်းဆွေးနွေးပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့နှင့်အတူ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်စေလိုကြောင်း နှင့်ဒေသခံပြည်သူများ အနေဖြင့်လည်း အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် ပညာရေးကဏ္ဍ (၁) ခု၊ ကျန်းမာရေးကဏ္ဍ (၁) ခု၊ လမ်းရရှိရေးကဏ္ဍ (၁)ခု စုစုပေါင်း လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၃) ခုအား ဆောင်ရွက်ပေးစေလိုကြောင်း၊ တင်ပြချက်များ အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက်နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်သူ(၄)ဦး၊ ပျောက်ဆုံး/ ပျက်စီးသူ(၂၉)ဦး၊ စုစုပေါင်းပြည်သူ (၃၃) ဦးအား ဆောင်ရွက်ပေးပြီး ၎င်းတို့၏ လက်ဝယ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ပြီးနောက် ပြည်သူ (၂၈၅) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)