ဘူးသီးတောင် စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်မှ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဘူးသီးတောင်မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးစိုးထက်အောင်မှ ကလေးသူငယ်ကို ဥပဒေအရ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်များအား စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နိုင်ရေး ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ကလေးအလုပ်သမားများဖြစ်လာရသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေးပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များအပေါ် ပြစ်မှု ကျူးလွန်ပါက အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြီး လူမှုဝန်ထမ်း ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်မှ ကလေးအလုပ်သမားများ ဖြစ်လာရသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေး ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆောင်ရွက်ချက်များ အစရှိသည့်သိမှတ်ဖွယ်ရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)