မက်မန်း စက်တင်ဘာလ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လူငယ်ရေးရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် လူငယ်များအသိပညာ၊ အတတ်ပညာများနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ အသိပညာဖြင့် ဘဝကိုဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာများကိုလည်း စဉ်ဆက်မပြတ်လေ့လာသင်ယူရန် လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ မက်မန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက ကျောင်းသားလူငယ်များ ကျန်းမားဖွံ့ဖြိုးရေး၊ စိတ်ဓာတ်မြှင့်တင်ရေး စသည်တို့နှင့် စပ်လျဉ်း၍လည်းကောင်း ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့(အဖွဲ့ဝင်) ဒေါ်စန်းစန်းဌေး က ကျောင်းသားလူငယ်များ ယဉ်ကျေးလိမ္မာ၍ အနာဂတ်တွင် နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ ဆရာမ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ စုစုပေါင်း အင်အား(၈၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)