ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝမ်းတွင်း စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ် ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ခံတောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဒေသအတွင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ဗိုလ်မှူးသက်နိုင်မှ နိုင်ငံရေးစစ်ကြောင်းနှင့်ပတ်သက်၍ တပ်မတော်မှလက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်နေမှု အခြေအနေများ၊  နယ်မြေအတွင်းဆောင်ရွက်လျက်ရှိသော တည်ငြိမ်းအေးချမ်းရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်း လင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် လျက်ရှိသောလုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူစုစုပေါင်း (၁၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)