မိုင်းခုတ် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ဟိုခန့်ကျေးရွာ၌ တောင်သူ ဦးစိုင်းအင်းပျဲဉ်း စိုက်ပျိုးထားသည့် ဒေသအခေါ် နှမ်းကြီးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
''နှမ်းကြီးပင်တွေကို နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လတွေမှာ စိုက်ပျိုးပါတယ်၊ စိုက်တဲ့အခါမှာ မြေကို ထွန်ယက်ပြီးတော့ ကြဲပက်စိုက်ပျိုးတယ်၊ သီတင်းကျွတ်ပြီး နိုဝင်ဘာလလောက်ဆိုရင် ရိတ်သိမ်းပါတယ်၊ ပြီးတော့ ဝါးငုတ်နှစ်ခုရိုက်၊ တန်းထိုးတယ်၊ ရိတ်သိမ်းပြီး နှမ်းကြီးအပင်တွေကို တစ်စီးစီစည်းပြီးတော့ ဝါးတန်း ပေါ်တင် နေလှန်းပါတယ်၊ နေကောင်းကောင်းပူတယ်ဆိုရင်တော့ သုံးရက်လောက်ပဲလှန်းရတယ်၊ နောက်ခြောက်သွားပြီဖြစ်တဲ့ နှမ်းကြီးအစည်းတွေကို အခင်းပေါ်ခါချလိုက်တဲ့အခါ နှမ်းကြီးစေ့တွေရလာပါတယ်၊ ရတာတဲ့နှမ်းကြီးစေ့တွေကို နို့ဆီဗူးနဲ့ချိန်ရောင်းပါတယ်၊ တာချီလိတ်က ကုန်သည်တွေ အိမ်တိုင်ရာရောက် လာဝယ်ကြတယ်၊ တစ်ဗူးကို ထိုင်းဘတ်ငွေ(၆၀)ကျပ်၊ မြန်မာငွေနဲ့ဆိုရင်တော့ အခုဆိုခြောက်ထောင်နီးပါး ရပါတယ်၊ ထိုင်းနိုင်ငံကို တင်ပို့တယ်လို့သိရပါတယ်''ဟု ဦးစိုင်းအင်းပျဲဉ်းက ပြောသည်။
အဆိုပါ နှမ်းကြီးစေ့များကို ခေါပုတ်ထောင်းရာတွင်လည်းကောင်း၊ ကောက်ညှင်းပေါင်းနှင့် ရှမ်းခေါက်ဆွဲများ စားသုံးရာတွင် တွဲဖက်၍လည်းကောင်း၊ ဆီအဖြစ် ကြိတ်၍ လည်းကောင်း အသုံးပြုကြပြီး မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများ မိမိလယ်ယာမြေတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားလျက်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)