တံတားဦး စက်တင်ဘာ ၇
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု၊ ရေခါးကျေးရွာ ဘုရားကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းတွေ့ဆုံဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်တို့က ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး လုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ရာသီအလိုက် သီးနှံမျိုးစုံတိုးချဲ့ စိုက်ပျိုးရေး တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်သည့် ဆွေးနွေးအကြံပြုချက်များတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေခြင်း၊ အထွေထွေကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်း၊ ကျေးလက်နေ ပြည်သူများ အိမ်ထောင်စုစာရင်းပျက်စီး၊ ပျောက်ဆုံးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်နိုင်ရေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနိုင်ရေး၊ သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲတင့်