သန်လျင်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask ၁၁၀ အခမဲ့ဖြန့်ဝေ

သန်လျင် စက်တင်ဘာ ၁၄


ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိ ပညာပေး ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask) ၁၁၀ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီက သန်လျင်- သီလဝါသွား ကျိုက်ခေါက်ဘုရားလမ်းမကြီး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ သန်လျင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ ဦးဆောင် ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက သန်လျင်-သီလဝါသွား ကျိုက်ခေါက်ဘုရားလမ်းမကြီးရှိ ကားဂိတ်များတွင် သန်လျင်မှ ရန်ကုန်သို့သွားကားများနှင့် ရန်ကုန်မှ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များသို့ အပြန် ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များနှင့် ခရီးသည်တင်ကားများမှ ခရီးသွားပြည်သူများ၊ ဆိုင်ကယ်မောင်းနှင်သူ များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေး ဖျန်းပေးခြင်း၊ ပါးစပ်နှာခေါင်းစည်း (Mask) ၁၁၀ အား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး ကျန်းမာရေးအသိပညာပေးများအား ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိသူများ ရှိနေကြောင်း သိရှိရသဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများ မိမိနေအိမ်များ၌သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် ရောဂါကူးစက်မှုမရှိစေရေး မည့်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်များအား အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောကြရန် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော်ထားရှိကြောင်းနှင့် သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူများနှင့် ပြည်သူ များက ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)