လားရှိုး စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲနှင့် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဌာနအနေဖြင့် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုးဆိုးကျိုးနှင့် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက Mini Museum တွင် ပြသထားသော တိုင်းရင်းသား ယဉ်ကျေးမှုပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး