မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းပန်          စက်တင်ဘာ             ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်(၆) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းနေ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပမှ ထွက်ခွာလာပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား "ချက်ချင်းဝယ် ချက်ချင်းတပ်" စနစ်ဖြင့် နှာခေါင်းစည်း (Mask) များ ဝယ်ယူစေခြင်းကို Campaign အသွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း အပြင်ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်၍ အပြင်ထွက်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်စေတနာ့ဝန်ထမ်း (Volunteer) တို့မှ မိုင်းပန်မြို့နယ် အတွင်းရှိ လူသွားလူလာများသော လမ်းမကြီးတလျှောက်နှင့် လမ်းဆုံလမ်းခွများသို့ ရှောင်တခင် သွားရောက်၍ နှာခေါင်းစည်း (Mask) မတပ်ဆင်လာသူများအား တစ်ဦးလျှင် (၂) ခုစီ ချက်ချင်းဝယ်ယူ၍ ချက်ချင်း တပ်ဆင်စေခဲ့ရာ နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်း မရှိသူ (၄၃)ဦး ရှိကြောင်း သိရသည်။

ဆန်းမြင့် (မိုင်းပန်)