ရမည်းသင်း စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူငယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဒါးအခြေခံပညာ အထက်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရွှေဒါးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုညွန့်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား/ကျောင်းသူများအား
လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လူပွဲစားများ ဖြားယောင်းစည်းရုံးမှု၊ လူကုန်ကူးခံသူများ ပြန်လည်လက်ခံခြင်းနှင့် မိဘရပ်ထံ ပြန်လည်အပ်နှံခြင်း၊ လူကုန်ကူးခံရသူများအား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရာတွင် ပြည်သူများမှ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေကြစေရန်စသည်တို့ကို ရှင်းလင်းဟောပြောပြီး ရမည်းသင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝစေရေး၊ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနည်း(၄)မျိုးဖြစ်သည့် ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ ရိုးရာအားကစားနည်းများ၊ လူငယ်နှင့် အားကစားတို့ကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားပြီး ခရိုင်အားကစားမှူးက ဘောလုံးနှင့် ခြင်းလုံးတို့ကို လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက လူကုန်ကူးမှု တိုက်ဖျက်ရေးအသိပညာပေးနံရံစာစောင်ပြသရာ အထကရွှေဒါး ကျောင်းသား၊ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)