မလှိုင် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာအုပ်စု၊ နှောကန်ကျေးရွာ အရန်မီးသတ်စခန်း၌ ယနေ့နံနက် (၉)နာရီအချိန်က တာဝန်ရှိသူတို့မှ ကျေးရွာမီးဘေးလုံခြုံရေးအဖွဲ့သို့ မီးငြှိမ်းသတ်ယာဉ်(၁)စီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နှောကန်အရန်မီးသတ်စခန်းတွင် အများပြည်သူတို့၏ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရန် Toyota အမျိုးအစား မီးသတ်ယာဉ်(၁)စီးအသုံးပြုခဲ့ရာ ယာဉ်အို/ယာဉ်ဟောင်းများ လဲလှယ်ခြင်းအစီအစဉ်အရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် တရုတ်နိုင်ငံထုတ် ဒေါင်ဖန်းယာဉ်အမျိုးအစား မီးငြှိမ်းသတ်ယာဉ်(၁)စီးအား မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇေယျာအောင်မှ ယာဉ်နှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့်အတူ ကျေးရွာမီးဘေးလုံခြုံရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးဝင်းထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူတို့မှ မီးငြှိမ်းသတ်ယာဉ်အသစ်အား နံသာရည်များပက်ဖျန်းပေးခဲ့သည်။
နှောကန်ကျေးရွာသည် မလှိုင်မြို့မှ (၁၂)မိုင် ကာဝေးပြီး အဆိုပါ ယာဉ်အသစ်လွှဲပြောင်း ရရှိခြင်းကြောင့် မလှိုင်မြို့နယ်အတွင်းရှိ ဘောက်ခွေးတော၊ ညောင်အုပ်၊ ကျပ်ဖြူ၊ သရက္ကောင်းပင်၊ ပျော်ဘွယ်၊ အိမ်ကြီးတော၊ သုံးတောင် စသည့် ကျေးရွာအုပ်စုများအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)