ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက အဖွင့်မှာစကား ပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ရန်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းများအား သတိဝီရိယရှိစွာဖြင့် လုံခြုံရေး အသိ၊ သတိဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်၊  ကျန်းမာရေးကဏ္ဍအနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေး လူစည်းကာရာ နေရာများ၊ စျေးများတွင် Mask Campaign ဆောင်ရွက်ရန်၊ ပြည်သူများအား စျေးနူန်းသက်သာစွာ ရောင်းချနိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှလည်း မိမိတို့၏ ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

ဆွေနွယ် (lPRD)