အမရပူရ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဒေါင်းရွေးစံပြကျေးရွာ၊ ဓမ္မမဂ္ဂင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် အမရပူရမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်တေဇနှင့် အတွင်းရေးမှူး ရဲမှူးမျိုးလွင်အောင်တို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များကို ပြောကြားခဲ့သည်။
ထို့နောက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာကလိုအပ်သည့် စိုက်ပျိုးရေ၊ ရေမြောင်းပိတ်ဆို့နေမှု၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်ကတ်ပြားရရှိရေး၊ ကိုဗစ်နှစ်ကြိမ်ထိုးပြီးကတ်ပြားရရှိရေး၊ ရပ်ရွာလုံခြုံရေးကိစ္စ စသည့်အချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းရှိ ကိုယ်ဝန်သည်များနှင့်တစ်နှစ်အောက်ကလေး မိခင်များအတွက်ကြက်ဥများနှင့် ကျေးရွာအတွက် နှာခေါင်းစည်း မက်စ်များကို ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကျန်မာရေးဦးစီးဌာနက ကျေးရွာအတွင်း ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူများ၊ နှစ်ကြိမ်ထိုးပြီး ၆ လကျော်သူများအား ထပ်ဆောင်းဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)