ဝိုင်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက ဝိုင်းမော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့ စည်ပင်ပန်းခြံဝင်း အတွင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား) ရဲအုပ်တင့်လွင်၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုးနှင့်အဖွဲ့တို့ ပူးပေါင်း၍ အဋ္ဌမ အကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဆောင်ပုဒ် ‘‘လူကုန်ကူးမှုပပျောက်ရေး ရှေ့တန်းကနေ စွမ်းဆောင်ပေး’’ ခေါင်းစဉ်နှင့် ရည်ရွယ်ချက်များ၊ အဆက်အသွယ်အကူအညီ တောင်းခံနိုင်သည့် ဖုန်းနံပါတ်များပါဝင်သည့် (၈ ပေ × ၅ ပေ)ရှိ မြေစိုက်ပိုစတာစိုက်ထူခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်း (Mask) များဖြန့်ဝေခဲ့သည်။
ဆက်လက်၍ ဝိုင်းမော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၁၂) လူကုန် ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မြစ်ကြီးနား)နှင့်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လူပွဲစားများ အသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှု မခံရစေရန် သတိပြုလိုက်နာ ရမည့်အချက်များ၊ လူကုန်ကူး ခံရလျှင်(သို့) လူကုန်ကူးမှုကိစ္စ ရပ်များတွေ့ရှိပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ E-mail လိပ်စာများပါဝင်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို အမှတ်(၂)စျေးနှင့် လူစည်ကားသည့်နေရာများ၌ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့သည်။
ခိုင်သက်မွန်(ပြန်/ဆက်)