လယ်ဝေး စက်တင်ဘာ ၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများလိုက် ပါလျက် ယမန်နေ့မွန်းတည့်က လယ်ဝေးမြို့၊ သရက်ခုံကျေးရွာရှိ နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်အားပေးကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကျေးလက်နေပြည်သူများနှင့် အနီးစပ်ဆုံးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခင်သမားရိုးကျလုပ်ကိုင်နေ ရာမှ ယခုကဲ့သို့ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ရောင်းချနိုင်သည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင်လည်း တိုးတက်လာသည့်နည်းစနစ်များဖြင့် ခေတ်မီစံပြလယ်ယာများတွင် အထွက်နှုန်းကောင်းသည့် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုလို နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင်လည်း ယခင်ကလို နွားနို့တစ်မျိုးတည်းသာမက နွားနို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က လယ်ဝေးမြို့နယ် အတွင်းရှိ မွေးမြူရေးထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ အဖွဲ့ဝင်(၂) ဦးဝင်းအောင် က နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် နွားနို့အပြင် ဒိန်ချဉ်၊ မလိုင်ခဲ စသည့်စား သောက်ကုန်များကို ဆက်စပ်လုပ်ကိုင်နိုင်လျှင် ဝင်ငွေတိုးတက်လာပြီး အလုပ်အကိုင်အခွင့် အလမ်း များပြားလာမည်ဖြစ်ကြောင်း၊ ၎င်းအပြင် တိရစ္ဆာန်အစာကိုလည်း ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်၍ ကျွေးမွေးနိုင်သည်အထိ ဆောင်ရွက်ပါက အထွက်နှုန်းကောင်းမွန်သည့် မွေးမြူရေးလုပ်ငန်းများဖြစ်လာနိုင်ပါကြောင်း စသည်ဖြင့်ဆွေးနွေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးသန့်က လယ်ဝေးမြို့နယ်အတွင်းရှိ နို့ပေါင်းစက်အခြေပြု နွားမွေးမြူရေးလုပ်ငန်းအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နို့ပေါင်းစက်ရုံ လုပ်ငန်းရှင် ဦးသိန်းစိုးနှင့် နို့ပေါင်းစက်အခြေပြု နွားမွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက သရက်ခုံကျေးရွာရှိ ဦးသိန်းစိုး၏ နို့ပေါင်းစက် လည်ပတ်ရန် ပြင်ဆင်ထားရှိမှုများနှင့် နို့စားနွားများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)