ဒဂုံအရှေ့ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသူ၏ ဦးဆောင်မှုဖြင့် အမှတ်(၈)ရပ်ကွက် အမှတ် (၂)ဈေးအတွင်း ယနေ့နံနက် (၈:၀၀)နာရီက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူနှင့် မြို့နယ်စည်ပင်မှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများပါသော အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များပါသော ပူးပေါင်းအဖွဲ့တို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများမှလည်း Mask တပ်ဆင်ပြီးမှ ဝယ်ယူကြစေရေးနှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပါက နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှုအဖြစ် Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီးနောက် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)