ပုဗ္ဗသီရိ စက်တင်ဘာလ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၂၅)နှစ်မြောက် ငွေရတု လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် စိတ်ပျော်ရွှင်တက်ကြွ လန်းဆန်းစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက "လူကုန်ကူးမှုအန္တရာယ် သတိပြုဖွယ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ဖို့ ရှေ့တန်းကပါဝင်ဆောင်ရွက်စို့" စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် "လူကုန်ကူးမှုရပ်၊ လူကုန်ကူးမှုပပျောက်ရေး၊ လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ကြ၊ လူကုန်ကူးမှုကာကွယ်ရေး မိဘများစထိန်းသိမ်းပေးနှင့် လူကုန်ကူးမှု ဒို့ကာကွယ် စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိသူများနှင့် လူထုအခြေပြုဗဟိုဋ္ဌာန(Community Centre)လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းပေးသော အလှူရှင်များအား ဆုများ၊ ဆုလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းတင်လွှာများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)