ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်

သုံးခွ စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ရဲစခန်း၀င်းအတွင်းရှိ ဇဗ္ဗူသီရိ သန္တိသုခဓမ္မာရုံတွင် ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုရဲမှူး တိုးမြို့က လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ရဲအုပ် ကျော်စွာမြင့်နှင့် ရဲအုပ်နေအောင်တို့က သင်တန်းပို့ချရာတွင် လူကုန်ကူးမှုဆိုသည်မှာ မိမိအကျိူစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယ လုပ်အားများကို လူသားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ် အကျိုးအမြတ်ရယူခြင်း ဖြစ်ပါကြောင်း၊ လူကုန်ကူးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ပါကြောင်း၊ လူကုန်ကူးခံရသူထံမှ စဉ်ဆက်မပြတ်ရရှိမည့်၊ ကိုယ်ခန္ဒာ သို့မဟုတ် လုပ်အားနှင့် စပ်လျဉ်းသော အကျိုးအမြတ်များ လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ် ထိန်းချုပ်ကာ လုပ်အားခမပေးပဲ အနည်းငယ်သာပေး၍ အလုပ်ခိုင်းစေခြင်းစသည့် အကြောင်းအရာများကို ပရိုဂျက်တာဖြင့် အကျယ်တ၀င့် ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ကြပြီး ၆-၉-၂၀၂၂ ရက်‌နေ့မှ ၈-၉-၂၀၂‌၂ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)