ပုသိမ်ကြီး စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှုးဦးအောင်ဆွေ ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများပါ၀င်သည့် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက သရက်တပင်ကျေးရွာ ဆုတောင်းပြည့်ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စစ်ကြောင်းကြီးများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများကိုတစ်ဦးချင်းအလိုက် မိတ်ဆက်ပေးကာဆွေး နွေးပွဲတွင်ဆွေးနွေးတင်ပြမည့် အကြောင်းအရာများကို ပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေယံမင်းနှင့် အဖွဲ့၀င်များကကဏ္ဍကြီး (၅) ရပ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစန်းယုလှိုင် (လက်ထောက်ညွှန်ကြားရေးမှူး)က ဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းနှင့် စီမံကိန်းဆိုင်ရာများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေး ဖွင့်လှစ်သင်ကြားပေးနေသည့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသူများမှ ကျွန်းပိုင်းကျေးရွာဖြစ်သည့်အတွက် ဒေသတွင်း မြစ်ရေကျချိန်တွင် အသုံးရန် လမ်းတံတားပိုင်းနှင့် ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပေးစေလိုမှု၊ ကျေးရွာမူလတန်းကျောင်း၊ ကျောင်းဆရာ ဆရာမများလိုအပ်မှု အပေါ်ထပ်တိုးခန့်ထားပေးနိုင်ရေး၊ မီတာခအတွက် ပိုက်ဆံများ ပေးသွင်းထားသော်လည်း လျှပ်စစ်မန်နေဂျာရဲ့ လက်မှတ်ထိုးနဲ့ ထပ်မံလာကောက်မှုအတွက် အမှန်တကယ် အခက်အခဲဖြစ်ကြောင်း၊ အရစ်ကျပေးသွင်းရန်နှင့် ဖြေလျှော့ကောက်ခံပေးရန်၊ ကျေးရွာလမ်းပိုင်းကိစ္စ၊ အစရှိသည့်ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ဌာနအလိုက်တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့၀င်များက ထပ်ဆင့်ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြသည်။
ထို့နောက် ဌာနဆိုင်ရာတာ၀န်ရှိသူများမှ ၎င်းတို့ဌာနများအလိုက် ပြည်သူ့အကျိုး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)