ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀:၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ယနေ့မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ကလေးသူငယ်များဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်စေရန် အနာဂတ်မျိုးဆက်များဖြစ်သည့် ကလေးများ၏ ဘဝမှန်ကန်ကန်တိုးတက်ရန် လိုအပ်ကြောင်း၊ ကလေးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးသည် စိတ်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်မှုဖြစ်ပါကြောင်းနှင့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ မြမဥ္ဇူက ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည့် ကျား/မဆင်းရဲချမ်းသာ၊ ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း/မပြည့်စုံခြင်း၊ ကိုးကွယ်သည့်ဘာသာ၊ မိဘအသိုင်းအဝိုင်းများကြောင့် ခွဲခြားဆက်ဆံခြင်း၊ ကလေးများကို ပြုစုစောင့်ရှောက်သူများက လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်း၊ ရိုက်နှက်ခြင်း၊ ပညာသင်ခွင့်မရှိခြင်း၊ ကလေးများကို လိင်ပိုင်းဆိုင်ရာ အသုံးချခံရခြင်း စသည်တို့မဖြစ်အောင် ကာကွယ်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က တိုင်းပြည်၏ အနာဂတ်ဟု တင်စားကြသည့် ကလေးငယ်များကို မွေးဖွားကာစ ရှေးဦးကလေးသူငယ် စောင့်ရှောက်ခြင်းမှသည် လူငယ်ဆိုသည့် အသက်အပိုင်းအခြားအထိ မွေးရာပါရပိုင်ခွင့်များကို အသိအမှတ်ပြု စောင့်ရှောက်ပေးခြင်းသည် နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ပါကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)