ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ ပေးရာသို့ ပုဇွန်တောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူ/ ကျောင်းသားလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ရန် အသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးစေခြင်း၊ ကိုယ်ပူတိုင်းခြင်းတို့ကို ကိုယ်တိုင်ဆောင်ရွက်စေပြီး ပါးစပ်နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူများရှိနေကြောင်း သိရှိရသဖြင့် ရပ်ကွက်များရှိ ပြည်သူများ မိမိနေအိမ်များ၌သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပ မထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့်ရောဂါကူးစက်မှု မရှိစေရေး မည့်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်များအား အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောကြရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော်ထားရှိကြောင်းနှင့်ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်