ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မန်ကျည်းစောက် ကျေးရွာတွင် ခြင်ဆေးများဖျန်းပေး

ညောင်ဦး စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှညောင် ဦးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် မန်ကျည်းစောက်ကျေးရွာအတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ညောင်ဦးမြို့နယ် မန်ကျည်းစောက်ကျေးရွာအတွင်း မိုးရာသီအချိန် ပေါင်းမြက်များထူထပ်စွာ ပေါက်ရောက်ပြီး ကျေးရွာနေပြည်သူများ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က နှစ်စဉ်နှစ်တိုင်း လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ခြင်လောင်းသားပေါက် လောက်လောင်းကောင်များ ပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့် တာယာကွင်းများအား ဝင်ရောက်နေသည့် ရေများကိုသွန်ပစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ငြိပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့တွင်လည်း ညောင်တိုကျေးရွာအတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို မန်ကျည်းစောက် ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက်၊ လမ်းကြိုလမ်းကြားမကျန် ခြင်ဆေးဖျန်းခြင်းများကို ညောင်ဦးမြို့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ညောင်တိုကျေးရွာတွင် အိမ်ခြေ ၂၀၂ အိမ်နှင့်လူဦးရေ ၉၇၈ ဦးရှိကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်(၅)အရန်မီးသတ်သို့ အကူအညီတောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅၁၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ကိုကြေးမုံ