လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်လူငယ်အားကစားကဏ္ဍဖွံဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း   စက်တင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း၍လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူငယ်အားကစားကဏ္ဍဖွံဖြိုးတိုးစေရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဒါး အခြေခံပညာအထက်တန်းကျောင်းသပြေညိုခန်းမကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေဒါးအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုညွန့်က အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးကကျောင်းသား/ကျောင်းသူများအား

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လူပွဲစားများဖြားဆောင်စည်းရုံမှု၊ လူကုန်ကူးခံသူများ ပြန်လည်လက်ခံခြင်းနှင့် မိဘရပ်ထံပြန်လည်အပ်နှံခြင်း၊ လူကုန်ကူးခံရသူများအားနှစ်သိမ့် ဆွေးနွေးပညာပေးခြင်းနှင့်အသက် မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရာတွင် ပြည်သူများမှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးကြစေရန်စသည်တို့ကို ရှင်းလင်းဟောပြောပြီး ရမည်းသင်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီးပညာရည်ပြည်ဝစေရေး၊ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်အား ကစားနည်း(၄)မျိုးဖြစ်သည့် ယှဉ်ပြိုင်အားကစား၊အပန်းဖြေ အားကစား၊ရိုးရာအားကစားနည်းများ၊ လူငယ်နှင့်အားကစားတို့ကို အကျယ်တစ်ဝင့် ရှင်းလင်း ပြောကြားပြီးခရိုင်အားကစားမှူးကဘော်လုံးနှင့်ခြင်းလုံးတို့ကိုလှူဒါန်းရာကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့ကြသည်။

ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံစာစောင်ပြသရာ အထကရွှေဒါး ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)