ဝမ်းတွင်း စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု၊ ငွေဘုံသာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း (၁၀၀)နှုန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ရွှေတောင်ကျေးရွာအုပ်စု ငွေဘုံသာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀)နှင့် ကျေးရွာလူထု၏ လုပ်အားတို့ဖြင့် သြဂုတ်လ တတိယပတ်မှစတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာတွင်းလမ်းအား အရှည် ပေ ၁၂၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သော ပေ ၆၀၀ ပြီးစီနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ် ခင်းခြင်းလုပ်ငန်းပြီးစီးပါက ငွေဘုံသာကျေးရွာရှိ အိမ်ခြေ ၁၅၃ အိမ်၊ လူဦးရေ ၆၀၉ ဦးတို့မှာ ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မြို့နယ်အတွင်းရှိ ညံကန်ကျေးရွာ၊ ရွှေကူကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင်လည်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)