မုဒုံ စက်တင်ဘာ ၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၈:၃၀)နာရီခန့်က မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာ တိုက်ကျောင်း၌ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်များ ရရှိနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းတံတားများ၊ ကျေးရွာတွင်း လမ်းတံတားများ ကောင်းမွန်စေရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများမှ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပျက်စီး၊ ပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ မွေးတိုးကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေး/ကုဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ပညာရေးဌာနမှ ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ကျေးရွာတွင်း ရေမြောင်းများ ဖောက်လုပ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာဓမ္မာရုံ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မုဒုံသူ