မိုးကုတ်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ပေး

မိုးကုတ်      စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ၏  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းစေရန်အတွက် နယ်မြေစိုးမိုးရေးအနေဖြင့် စစ်ကြောင်းကြီး (၅)ကြောင်းဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်  ဌာနဆိုင်ရာ(၃၈)ဦး   ပါဝင်သောအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ရွာသာယာကျေးရွာ၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက် (၉)နာရီက ဒေသခံပြည်သူ(၁၈၀)ဦးနှင့် တွေ့ဆုံပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူ(၃၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ လျှပ်စစ်မီတာခများ ပေးဆောင်ရေး  ဆွေးနွေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ ဝက်မွေးမွေးမြူရေးခြံများအား  ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်  ကွင်းဆင်းကုသပေးခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)အား  တောင်သူ(၃)ဦးကို ပြုလုပ်ပေးခြင်း၊ မြေစာရင်း (၁၀၅/၁၀၆)ပုံစံရေးဆွဲခြင်း ဆိုင်ရာကိစ္စရပ်များအား အသိပညာပေးခြင်း၊ ပန်းခင်းစီမံချက်အရ နိုင်ငံသားမှတ်ပုံတင်(၂၇) ဦးအား ပြုလုပ်ပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆွေးနွေးဟောပြောခြင်း၊ စိုက်ပျိုးရေး အသိပညာပေးဟောပြောခြင်း၊ ယာဉ်စည်းကမ်း  လမ်းစည်းကမ်း ဟောပြောခြင်း  စသည့်လုပ်ငန်းများအား  သက်ဆိုင်ရာဌာနများမှ  ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ  သိရှိရသည်။

နန်းခွာညိုနှင်း(ပြန်/ဆက်)