သီပေါ စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်သီးပင်စားပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် တုံစင့်ကျေးရွာရှိ ရွှေတံခါးမိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံတွင် ပန်းတိမ်ငိုပန်း၊ ခိုင်ရွှေဝါပန်း၊ ကြယ်ဖြူပန်း၊ နှင်းဆီပန်း၊ အာဆီယံသပြေ၊ ငရုပ်၊ ချဉ်ပေါင်၊ ကန်စွန်းပင်၊ ခဝဲပင်၊ ဂေါ်ရခါးသီးပင်၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ဘူးသီး၊ သံပုရာသီး ငှက်ပျောသီး၊ သင်္ဘောသီး၊ ကျွဲကောသီး စသည့် သီးပင်စားပင်များကို စိုက်ပျိုးထားလျက်ရှိကြောင်း၊ အဆိုပါစိုက်ပျိုးရေးခြံမှ ထွက်ရှိသော သီးနှံများအား ရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ၊ ငွေကျပ်(၃၀၀၀၀/-)ခန့် ရရှိလျက်ရှိကြောင်းနှင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခြံစိုက်ပျိုးရေးလုပ်ကိုင်သူ အငြိမ်းစားဝန်ထမ်းပင်စင်စားတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်း က ပြောကြားခဲ့သည်။
အဆိုပါ ရွှေတံခါးမိသားစုစိုက်ပျိုးရေးခြံရှိ သီးပင်စားပင်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးနည်းစနစ်များအတိုင်း စိုက်ပျိုးထားခြင်းဖြစ်ကြောင်းနှင့် နှစ်ရှည်ပင်များကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။
ခင်လေး(သီပေါ ပြန်/ဆက်)