လှည်းကူး စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန်ကာကွယ်၊ တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်ရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့ကဦးဆောင်၍ ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် လှည်းကူးမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွဋ်နိုင်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများတို့က လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ရန်ကုန်ပဲခူးလမ်းမကြီးဘေး၊ တာဆုံမီးပွိုင့်အနီးတွင် စျေးရောင်း၊ စျေးဝယ်သူပြည်သူများနှင့် ခရီးသွားပြည်သူများလက်ဝယ်အရောက် နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့်မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဆေးဘူးစစ်ဆေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)