မိတ္ထီလာမြို့နယ် ထနောင်းအိုင့်ကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကြွယ်ကန်ကျေးရွာအုပ်စု ထနောင်းအိုင့်ကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြွယ်ကန်ကျေးရွာအုပ်စု ထနောင်း အိုင့်ကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၁၇.၂၄၃သန်းဖြင့်  ထနောင်းအိုင့်ကျေးရွာတွင်    အလျား ၂၇၅ ပေ၊ အနံ ၂၂၀ ပေ ၊ အနက် ၃ ပေရှိ  မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဇူလိုင်လ  ၁၉ ရက်နေ့က ဆောင်ရွက်လျက်ရှိရာ ၎င်း မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါမြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ပြီးစီး၍ ကြွယ်ကန်ကျေးရွာအုပ်စု ထနောင်းအိုင့်ကျေးရွာရှိ ဒေသခံပြည်သူများမှာ ရာသီမရွေးသောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း  သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန်တည် ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

ဦးသိန်းမြင့်ကျော်