အထက မင်းတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ပေါင် စက်တင်ဘာ ၇

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  ယမန်နေ့  နေ့လယ်က မြရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထက မင်းတန်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအေးက ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား/ကျောင်းသူများ အတွေးအခေါ် မြင့်မား​ဖို့ စာပေလေ့လာဖတ်ရှုစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စုရုံး မော်လမြိုင်မှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုအဓိပ္ပါယ်နှင့် လူကုန်ကူးမှုဖြစ်ပေါ်စေသော အခြေခံ အကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များကို ရှင်းလင်း ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပေါင်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က လူငယ်များအနေဖြင့် အချိန်မရွေး လူကုန်ကူးခံရနိုင်သောကြောင့် မိမိသွားရောက်သည့် နေရာအား မိဘများကို အသိပေးပြီးမှ သွားရောက်ရန် လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။

တစ်ဆက်တည်းမှာပဲ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဇင်သက်က စားသောက်ကုန်များကို စားသောက်ကြရာတွင်​ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ကုန်စည်/ဝန်ဆောင်မှုများကို လုပ်ငန်းရှင်များအကြား လွှဲပြောင်းရောင်းချပြီးနောက် စားသုံးသူနစ်နာပါက ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဟောပြောခဲ့သည်။

မြို့နယ် ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်၊ လက်ကမ်းစာစောင်နှင့် စာအုပ်​ပြပွဲဲများကို ပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်းသိရသည်။

မွန်မလေး